မင်္ဂလာပါ!

လှိုက်လှဲစွာကြိုဆိုပါသည်။ ယခု ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ပါသလား? ဝင်ရောက် ဆွေးနွေး မေးမြန်းလိုပါလျှင် အောက်တွင်ဖော်ပြထားသော button များမှတဆင့် ဝင်ရောက် ဆွေးနွေးနိုင်သကဲ့သို့ အဖွဲ့ဝင်အသစ်အနေဖြင့်လည်း လျှောက်ထားနိုင်ပါတယ်။

MYSTERY ZILLION တွင် English သို့မဟုတ် Unicode ဖြင့်သာ အသုံးပြုခွင့်ရှိသည်။ ဇော်ဂျီ ၊ ဧရာ စသည်တို့ကို အသုံးပြုခွင့် မရှိ။ Unicode fonts များမှာ Mon3,Yunghkio, Myanamr3 စသည်များ အသုံးပြုနိုင်သည်။ Unicode Guide ကို ဒီမှာ Download ချပါ။ Zawgyi to Unicode Converter
Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead.

Some Alternative Operating Systems

edited June 2010 in My Article
Operating System ဆိုတာကွန်ပျူတာတစ်လုံးရဲ့ ဟာ့ဒ်၀ဲတွေနဲ့ အသုံးပြုသူရဲ့အကြားက interface တစ်ခုဖြစ်တယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။
Attachment not found.

Operating System မရှိဘဲ ဘယ်ကွန်ပျူတာကိုမှ တိုက်ရိုက်အသုံးပြုလို့မရဘူးဆိုတာ အားလုံးသိကြမှာပါ။
ကွန်ပျူတာတစ်လုံးကို ခလုပ်ဖွင့်လိုက်တာနဲ့ မားသားဘုတ်ပေါ်မှာပါတဲ့ BIOS(Basic Input Output System)က POS လို့ခေါ်တဲ့ Power On Selftest တွေကို တစ်ခုပြီးတစ်ခုလုပ်သွားတယ်...
အားလုံး အိုကေတယ်ဆိုတာနဲ့ CMOS Setup ထဲမှာ setting လုပ်ထားတဲ့အတိုင်း OS ရှိနေတဲ့ boot disk ရဲ့ boot sector က data တွေကိုဆက်ဖတ်တော့တာပါပဲ။
အဲဒီမှာ BIOS ရဲ့ တာ၀န်ကို OS ကလက်လွှဲယူလိုက်ပါပြီ။ နောက်ပိုင်းကိစ္စ အ၀၀တွေကိုလဲ သူကပဲ ဆက်တာ၀န်ယူသွားလိုက်တာဟာ ကွန်ပျူတာခလုပ်ကို မပိတ်မချင်းအထိပဲဆိုပါတော့။

ဟုတ်ပြီ...။ ဒီတော့ကာ လောလောဆယ် သုံးနေကြတဲ့ OS တွေအနက် personal computer တွေပေါ်မှာလူသုံးအများဆုံး OSတွေကတော့ သုံးမျိုးပဲရှိပါတယ်။
၁။ Microsoft Windows
၂။ Apple ရဲ့ Mac OS
၃။ Linux
Attachment not found.
Attachment not found.
ဒီလောက်ပါပဲ။ ပုံကိုကြည့်ပါ...။
ဘယ် OS ဟာ လူသုံးအများဆုံးလဲဆိုတာကို တွေ့ကြပါလိမ့်မယ်။
နာမည်ကျော် ၀င်းဒိုးစ်ပဲပေါ့။ ဒုတိယလိုက်တာက Mac OS ဖြစ်နေပါတယ်။ ကျွန်တော်တောင် မထင်မိဘူး။ Linux က ဒုတိယလိုက်မယ်ထင်ထားတာ။
ခုတော့ကာ Linux ကိုသုံးတဲ့သူတွေဟာ ၁% ပဲရှိနေတာကိုတွေ့ရပါတယ်။ ဘီလ်ဂိတ်ကြီး ၀င်ငွေတွေကောင်းနေတာဟာ သိပ်ပြီးဆန်းလှတယ်မဟုတ်ဘူးပေါ့နော်...။
အဲဒီဇယားမှာပဲဆက်ကြည့်လိုက်ကြပါဦး...။
iPhone OS ကို ခဏဘေးဖယ်ထားလိုက်မယ်။
ခုပြောနေတဲ့ personal computer OS ထဲမှာ အကျုံးမ၀င်ဘူးလေ။
ဒီတော့က ဘာကျန်နေသေးလဲဆိုတော့ .... Other OS ဆိုတာကျန်မယ်။
သူကလဲ ၁% ရှိတယ်။ အများသုံးနေကျမဟုတ်တဲ့ တစ်ခြား OS တွေကိုသုံးနေကြတဲ့သူတွေဟာလဲ ၁% ရှိနေတယ်နော်။
ကျွန်တော်ပြောမယ့်အကြောင်းအရာနဲ့ အတော်နီးလာပါပြီ။
Alternative OS ဆိုတာဟာ မြန်မာလိုဆီလျော်အောင်ပြောမယ်ဆိုရင် “အခြားရွေးချယ်စရာ OS တွေ”လို့ဆိုနိုင်ပါတယ်။

ဟုတ်ပြီ...။
ဘာကြောင့်များ အများသူငါသုံးနေကြတာတွေကို မသုံးချင်ရတာလဲ လို့ မေးစရာရှိလာမယ်။
ကျွန်တော့်ရဲ့ ပင်ကိုယ်သဘောအရတော့ အများသုံးနေကြတာနဲ့ မတူတာလေးတွေကို သုံးချင်တဲ့သဘောရှိတယ်ဗျ။
ဒီစိတ်ဟာ ဘယ်ကစလဲဆိုတော့... ပရိုဂရမ်းမင်းကို လေ့လာမိတာက စတာပဲ။
ကိုယ်တိုင် ပရိုဂရမ်ရေးတတ်လာတဲ့အခါ သူများရေးထားတဲ့ ပရိုဂရမ်တွေ၊ ဆော့ဖ်၀ဲတွေကို မသုံးချင်တော့ဘူး။
သူတောင် ရေးတတ်သေးတာပဲ... ငါလဲ ကိုယ့်ဟာကိုယ်ရေးပြီး ကိုယ့်ပရိုဂရမ်နဲ့ ကိုယ်ပဲသုံးမယ်ဆိုတဲ့ စိတ်က ၀င်လာတယ်။
ကိုယ်မနိုင်တဲ့... ကိုယ်တစ်ယောက်တည်း ရေးလို့မဖြစ်နိုင်တဲ့ ဆော့ဖ်၀ဲကြီးတွေကိုတော့ ပုန်ကန်လို့မရဘူး။ (လူ့စိတ်များ လယ်လိုက်တာနော်)
သာမန် command shell ပရိုဂရမ်တွေကတော့ ကိုယ့်ဖာသာကိုယ်ပဲ ရေးပြီးသုံးလေ့ရှိလာပါတယ်။
ပရိုဂရမ်မာ အတော်များများမှာလဲ ဒီလိုသဘောမျိုးပဲ ရှိကြတာကိုတွေ့ရပါတယ်။
open source တစ်ခုခုကို ယူသုံးရင်တောင် ကိုယ့်တတ်နိုင်သလောက်တော့ ကိုယ်နဲ့အဆင်ပြေအောင် ပြင်လိုက်တာပဲ။

ကြာလာတော့ကာ... ကိုယ်ပိုင် programming language တောင်လုပ်ချင်စိတ်ပေါ်လာတယ်။
တစ်ကယ်လဲ လုပ်ကြည့်ဖူးပါတယ်။ BASIC like language လေးတစ်ခု လုပ်ထားတာရှိပါတယ်။
လုပ်တုန်းကတော့ Nessus ရဲ့ NASL(Nessus Attack Scripting Language)လိုမျိုး ကိုယ်ပိုင်လုပ်ချင်တာပါ။
သို့သော်....ကိုယ်က အင်မတန် အလုပ်ရှုတ်တဲ့ လုပ်ငန်းမျိုးကိုရွေးချယ်မိထားလေတော့
အဲဒီ language လေးကို ဆက်မလုပ်ဖြစ်တာ နှစ်နဲ့ချီပြီးကြာနေပါပြီ။

ပြီးတော့ ... ကျွန်တော့် စိတ်ထဲက ဖြစ်ချင်တာကလေးတစ်ခုရှိတယ်။
နိုင်ငံတစ်နိုင်ငံအနေနဲ့ OS တစ်ခု၊ programming language တစ်ခုလောက်တော့ ရှိသင့်တယ်ဆိုတာပါပဲ။
မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော OS နဲ့ မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော programming language ပေါ့လေ။
စိတ်ကူးယဉ်တယ်ပြောချင်လဲပြောကြပါ။ ဒါပေမယ့် ဒီစိတ်ကူးတွေ တစ်ကယ်ဖြစ်လာမှာ မဟုတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်တာကတော့ သေချာပါတယ်။

Linus Torvald တောင် Linux Kernel ကို ရေးနိုင်သေးတာပဲ။ မြန်မာလူငယ်တွေလဲ ဒီလောက်တော့ရနိုင်ပါတယ်။
Kernel တစ်ခု ခိုင်ခိုင်မာမာရရင်... ကျန်တာတွေကို ၀ိုင်း၀န်းပြီးလုပ်လိုက်ကြရင် OS တစ်ခု ပေါ်လာမှာပါ။

ဒီတော့ကာ... Linux လဲမဟုတ်၊ Windows လဲမဟုတ်၊ Mac OS လဲမဟုတ်တဲ့ OS တွေကို ကျွန်တော် လိုက်လေ့လာကြည့်တယ်။
အားရစရာကောင်းလိုက်တာဗျာ....။ OS project တွေ အများကြီးတွေ့ရတယ်။ တစ်ယောက်တည်းရေးနေတဲ့ OS တွေလဲ မနည်းဘူးဗျ။
ဒါနဲ့ ဟိုက ဒီက ဖြတ် ညှတ် ကပ်လုပ်ပြီး၊ barebone kernel လို့ခေါ်ကြတဲ့ kernel ပိစိကွေးလေးတစ်ခုစမ်းကြည့်တော့ ဖြစ်တယ်ဗျ။
အဲဒါကိုမှ GRUB နဲ့load လုပ်ကြည့်တော့ OS ပိစိကွေးလေးတစ်ခုဖြစ်လာသေးတယ်။ MZ OS လို့ နာမည်ပေးပြီး ဆက်မလုပ်တတ်သေးတာနဲ့ ဒီအတိုင်းပဲ ပစ်ထားလိုက်မိတာကြာပြီ။

ခုနက စကားကိုပြန်ဆက်ရရင်... Linux လဲမဟုတ်၊ Windows လဲမဟုတ်၊ Mac OS လဲမဟုတ်တဲ့ OS တွေအနက် ကျွန်တော့်စိတ်ကြိုက် OS သုံးခုတွေ့သဗျ။
အဲဒီသုံးခုစလုံးဟာ written from scratch ဆိုတဲ့ ဟာတွေချည်းပဲ။ ဘယ်ဟာကိုမှ ပြင်ထားတာ ဆက်ရေးထားတာ မဟုတ်ပဲ၊ အစကနေ စရေးထားတဲ့ OS အသစ်တွေချည်းပဲဗျ။
ကိုင်း... အဲဒါတွေအကြောင်းကို ဆက်လိုက်ရအောင်။

ပထမဆုံးပြောချင်တာကတော့ syllable OS ဆိုတဲ့ဟာပဲ။
နော်ေ၀းက Kurt Skauen ဆိုတဲ့ ပရိုဂရမ်မာတစ်ယောက်ဟာ AtheOS ဆိုတဲ့ OS တစ်ခုကို ၁၉၉၀ ခုနှစ်အစောပိုင်းနှစ်တွေမှာ ဖန်တီးနိုင်ခဲ့တယ်။
C++ နဲ့ရေးခဲ့တာပါ။
သူတစ်ယောက်တည်းရေးခဲ့တာနော်။ written from scratch ပဲ။ ၁၉၉၇ မှာ AtheOS version 0.1.2 ကို release လုပ်ခဲ့တယ်။
လူတွေ အတော်စိတ်၀င်စားခဲ့ကြတယ်။ သူက UNIX like OS ပဲ။ POSIX စစ်စစ်တော့မဟုတ်ဘူး။ File System လဲ မတူပါဘူး။
Kurt ဟာ AFS(Atheos File System)ကို အသစ်လုပ်ခဲ့တာကြောင့်ပါ။ ဒါကြောင့် သူ့ OS ဟာ AFS ကိုပဲ သုံးပါတယ်။ ဒါပေမယ့် တစ်ခြား FS တွေကိုတော့ ကောင်းကောင်းသိပါတယ်။
AtheOS version 0.3.7 အထိရောက်ပြီးနောက်ပိုင်းမှာတော့ Kurt ဟာ လေယာမောင်းတဲ့ဖက်ကို စိတ်ရောက်သွားပြီး သူရဲ့ AtheOS ကိုပစ်ထားလိုက်တော့တယ်။
လေယာဉ်တစ်စီးနဲ့ ထွက်သွားလိုက်တာ ခုထက်ထိ သေသည်ရှင်သည်မသိ လို့ဆိုကြတယ်။
ဒီတော့ကာ ကျန်ရစ်ခဲ့တဲ့ သူ့ရဲ့ AtheOS ကို သူ့သူငယ်ချင်း developer တွေက Syllable လို့နာမည်ပေးပြီး ဆက်လုပ်လာခဲ့ကြတယ်။
၂၀၀၂ ဇူလိုင်မှာ Syllable OS version 0.4.0 ကို release လုပ်ကြတယ်။
အခုဆိုရင် Syllabe OS 0.66 အထိရောက်နေပြီ။ ဆော့ဖ်၀ဲတွေလဲ အတော်ရနေပြီ။ port လုပ်ထားတာတွေလဲ အတော်စုမိဆောင်းမိနေပြီ။
Attachment not found.
သူတို့ရဲ့ ဖိုရမ်ကို ကျွန်တော် ၂၀၀၅ ခုနှစ်လောက်ကတည်းက မင်ဘာ၀င်ခဲ့ပြီး လေ့လာခဲ့ပါတယ်။
သူတို့ရဲ့ web browser မှာ proxy address ထည့်စရာမပါသေးလို့၊ ကျွန်တော် ဂျီကျခဲ့သေးတယ်။
အဲဒီတုန်းက ကျွန်တော်တို့က proxy မပါပဲ အင်တာနက်သုံးလို့မှ မရသေးတာကိုး။
ခုတော့ သူတို့ရဲ့ web browser မှာ proxy address ထည့်စရာပါလာပြီ။ ကျွန်တော်တို့ဆီမှာလဲ proxy မပါပဲ အင်တာနက်သုံးလို့ရနေပြန်ရော။ ဖြစ်ပုံက...။
ဒါပေမယ့် ကျွန်တော့်ရဲ့ test machine ဖြစ်တဲ့ eeepc လေးကို တင်လို့မရပြန်ဘူးဗျ။ ဒါကိုလဲ ကျွန်တော် သူတို့ကို အကြောင်းကြားထားပါသေးတယ်။
ခုတော့ ရနေပြီ။ ကျွန်တော်လဲ မအားတာနဲ့ မစမ်းဖြစ်ပြန်ဘူး။
အဲဒါကို လေ့လာကြစေချင်ပါတယ်။ API(Application Programming Interface) နဲ့ပတ်သက်တဲ့ အချက်အလက်တွေအကုန်ဒေါင်းလို့ရပါတယ်။
source code တွေလဲပေးထားပါတယ်။
Syllabel ရဲ့ အားသာချက်ကတော့ System တက်တ အရမ်းမြန်တာပါပဲ။
စက်စဖွင်တဲ့အချိန်ကနေ login screen ပေါ်လာတဲ့အထိ ၁၀ စက္ကန့်လောက်ပဲကြာပါတယ်။
အဲဒါ P3 ပေါ်မှာ စမ်းတာနော်။ memory requirement လဲ အရမ်းနည်းပါတယ်။ 32 M ဆိုရင် အလုပ်ဖြစ်ပါပြီ။ 64M ဆိုရင်တော့ အကောင်းဆုံးပဲ။
Live CD version လဲရှိပါတယ်။ VMware version လဲရှိပါတယ်။ Virtual Box နဲ့ Virtual PC တွေပေါ်မှာလဲ ကောင်းကောင်းအလုပ်လုပ်ပါတယ်။
လိပ်စာကတော့ http://www.syllable.org/

ကဲ... နောက်ထပ် တစ်ခုကိုဆက်လိုက်ကြရအောင်။
အဲဒါကတော့ ReactOS ဆိုတာပါပဲ။
သူလဲ written from scratch ပါပဲ။
၁၉၉၆ခုနှစ်ကတည်းက စခဲ့တဲ့ project တစ်ခုပါပဲ။ စခါစကတော့ FreeWin95 လို့ခေါ်ခဲ့ကြတယ်။ ၁၉၉၇နောက်ပိုင်းမှာတော့ Jsaon Filby ဆိုတဲဲ့ developer က
ပရောဂျက်ကို ဦးဆောင်လာခဲ့ပါတယ်။ Microsoft Windows 2003 Server ကိုအခြေခံပြီး၊ kernel ကို လုပ်ခဲ့ကြပါတယ်။
ခုတော့ fireball လို့ nickname ရှိတဲ့၊ Aleksey Bragin က ပရောဂျက်ကို ဦးဆောင်နေပါတယ်။
Microsoft ကထုတ်တဲ့ Windows နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကိုဖတ်ပြီး Windows အလုပ်လုပ်ပုံအတိုင်းဖြစ်အောင် ရေးထားကြတာပါ။
Attachment not found.
C++ နဲ့ပဲ ရေးထားတာပါတဲ့။ သူသည် Microsoft Windows compatible ဖြစ်ပေမယ့်၊ Microsoft Windows Clone တော့မဟုတ်ဘူးနော်။
သို့သော် .... Windows မှာ run လို့ရတဲ့ software တွေအကုန်လိုလို run လို့ရတယ်လို့ ဆိုတယ်။
ဒီဟာက ကျွန်တော်တို့အတွက် ဘာကောင်းသလဲဆိုတော့... open source Windows တစ်ခုရတဲ့သဘောပါပဲ။
ဥပမာ ပြောရရင် မြန်မာ Windows လုပ်ချင်သူတွေအတွက် အများကြီးကောင်းပါတယ်။ ကြိုက်သလိုပြင်၊ ကြိုက်သလိုကလိပေရော့ပဲ။
သူကတော့ version 0.3.11 ရောက်နေပါပြီ။ installation CD ရှိတယ်။ Live CD လဲရှိတယ်။ VMWare version လဲရှိတယ်။
လိပ်စာကတော့ http://www.reactos.org/

နောက်တစ်ခုကတော့ Haiku OS ဆိုတာပါ။
သူကတော့ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ BeOS compatible open source OS ပါ။
BeOS ဆိုတာကတော့ Apple ရဲ့ executive ဟောင်းတစ်ယောက်ဖြစ်တဲ့ Jean Louis Gasse မွေးဖွားခဲ့တဲ့ OS တစ်ခုပါပဲ။
မူလရည်ရွယ်ချက်ကတော့ AT&T ကထုတ်တဲ့ Hobbit processor လေးလုံးသုံးတဲ့ BeBox ဆိုတဲ့ ကွန်ပျူတာတွေမှာ သုံးဖို့ ထုတ်လုပ်ခဲ့တာပါ။
Be Inc ကို ၁၉၉၀ မှာ တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Hobbit Processor တွေလဲဆက်မထုတ်တော့၊ BeBox လဲရပ်သွားပါတော့တယ်။
ဒီတော့ကာ Be OS ကို Pentium အတွက်ရေးကြပြန်ပါရော။
ဒါပေမယ့် ကြွေးတွေပိပြီး ၂၀၀၁ ခုနှစ်မှာ Be Inc ကို Palm, Inc က ၀ယ်သွားပါတော့တယ်။
အဲဒီအခါမှာ မူလ BeOS တုန်းကပါခဲ့တဲ့ developer တွေပါ၀င်တဲ့ OpenBeOS ဆိုတဲ့ open source OS project ပေါ်လာပါတယ်။
အဲဒါဟာ Haiku ရဲ့ အစပါပဲ။
ပထမဆုံး OpenBeOS ကို ၂၀၀၂ မှာ release လုပ်ခဲ့ပါတယ်။
၂၀၀၄ မှာတော့ Palm Inc နဲ့ ဇယားမရှုတ်ရလေအောင် Haiku Project လို့ နာမည်အသစ်ပေးခဲ့ပါတယ်။
၂၀၀၉ စက်တင်ဘာမှာ ပထမဆုံး တရား၀င် alpha version ကို release လုပ်နိုင်ခဲ့ပါတယ်။
Haiku_OS.png

သူကလဲ C++ နဲ့ရေးထားတာပါပဲ။
အခုပြောနေတဲ့ OS သုံးခုအနက် အပြည့်စုံဆုံးနဲ့ အကောင်းဆုံလို့ ယူဆမိပါတယ်။
application တွေလဲ အပေါဆုံးပါ။ တစ်ချိန်က BeOS application တွေအကုန်လိုလို သူ့အပေါ်မှာ runလို့ရနေတာကြောင့်
software တော်တော်လေးပေါပါတယ်။ File System ကတော့ BeOS ရဲ့ BFS(Be File System)အတိုင်းပါပဲ။
လိပ်စာကတော့ http://www.haiku-os.org/

ဒီတော့ကာ နိဂုံးချုပ်ရမယ့် အပိုင်းရောက်လာပါပြီ။
အခုပြောခဲ့သမျှကို(ရေးခဲ့သမျှပေါ့လေ)ဖတ်ကြည့်ပြီး .... OS အသစ်ရေးဖို့စိတ်၀င်စားသူ....
ဒါမှမဟုတ်ရင်တောင် OS Development အပေါ်မှာ စိတ်၀င်စားသူတစ်ယောက်ပေါ်လာတယ်ဆိုရင်ကိုပဲ
ကျွန်တော်ပြောရကျိုးနပ်ပြီလို့ယူဆမိပါတယ်။

OS Development နဲ့ပတ်သက်တဲ့ လိပ်စာတချို့ကတော့ ဒီမှာပါ။
http://www.linuxfromscratch.org/
http://wiki.osdev.org/Main_Page
http://www.nondot.org/sabre/os/articles
http://www.osdever.net/tutorials.php?cat=0&sort=4
http://www.freebyte.com/operatingsystems/
http://www.visopsys.org/osdev/index.html

မှတ်ချက်များ

  • edited January 2010 Administrators
    mgpyone wrote: »
    ခုနကပြောခဲ့တာတွေလောက် user friendly မဖြစ်ဘူး။
    စိတ်၀င်စားရင် AROS ကိုလေ့လာကြည့်။
    http://aros.sourceforge.net/
    သူလဲ အတော်စုံနေပြီ။
  • edited January 2010 Registered Users
    TweetyCoaster
    ခုလို ဆောင်းပေးလေးတွေ ဖြစ်နိုင်ရင် များများ တင်ပေးပါ
    အရမ်းဖတ်လို့ကောင်းပါတယ်
    ကျွန်တော် တို့ အတွက်လည်း ပညာတွေတိုးပါတယ်
    ကျေးဖူးအထူးတင်ပါတယ်
  • edited March 2010 Registered Users
    အရမ်းကောင်းတဲ့ ဆောင်းပါးပါဘဲဗျာ။

    ကျွန်တော် 1st year စတက် (၂၀၀၉) တုန်းက သူငယ်ချင်းတစ်ယောက်နဲ့ OS ရေးမလားဆိုပြီးတော့ စခဲ့ဖူးသေးတယ်။ (ရူးနေလားလို့ ပြောခံရတာလည်း ရိုးနေပါပြီ။)
    စာအုပ်တွေလဲသေချာစု ၊ သေချာဖတ်ရင်း ၊ လုံး၀ အကြမ်းကနေ စခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့အိမ်တွေက အဲဒါလုပ်ရင် ဘာရမလဲ ၊ အောင်မြင်အောင်လုပ်နိုင်လို့လား ၊ ရည်ရှည်လုပ်မှာလား အဲဒီ့ လား ပေါင်းများစွာ မေးလိုက်ကတည်းက မလုပ်ဖြစ်တော့တာခုထိဘဲ။

    ခုတော့ ကျောင်းကသင်တဲ့ OS Fundamentals, Microprocessor Programming, Assembly, C++ တွေကိုဘဲ ဖတ်နေရတုန်း။

    ဘာဘဲဖြစ်ဖြစ် အခု ဒီ ဆောင်းပါးလေး ဖတ်လိုက်ရတာ တော်တော်အကျိုးရှိခဲ့ပါတယ်။

    စာကြွင်း။ ။ MZ ကို အရင်က သေသေချာချာ မမွှေဖူးဘူး။ အခုမှ လာမွှေကြည့်တာ ၊ တော်တော်ကောင်းတဲ့ Article တွေ အများကြီးရှိတာဘဲ။ သက်တမ်းရင့်နေပြီဆိုတော့ အားလုံးအတွက် တကယ့်ကို ကောင်းတဲ့ နေရာတစ်ခုဖြစ်နေတာပေါ့။ (မောင်ပြုံး လို ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ ထပ်ရရင်ကောင်းမယ်။ :D)
  • edited June 2010 Registered Users, Moderators
    မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော OS နဲ့ မြန်မာနိုင်ငံက မြန်မာများကိုယ်တိုင် ဖန်တီးထုတ်လုပ်ထားသော programming language ပေါ့လေ။

    OSDevs တွေဆိုရင် လူကြီးလူငယ် စိတ်၀င်စားကြပါတယ်... လုပ်ကြမယ်ဟေ့ဆိုရင် လူပေါင်းမနည်းပါဘူး... Computer Geeks တွေတော်တော်များများ ပါ၀င်လာမှာပါပဲ... MITR forum မှာ ခေါင်းစဉ်တစ်ခုကိုတွေ့ခဲ့ "IT လောကမှ သင်းကွဲ ခြင်္သေ့များ " ဆိုတာကိုပေါ့။ မြန်မာတွေ နည်းပညာနဲ့ ပက်သက်လာရင် ထိန်းချုပ်မှုအောက်မှာတောင် ကမ္ဘာကို စိန်ခေါ်နေတဲ့သူတွေ ရှိပါတယ်။

    အခုလို OSDevs ဆိုတာ သာမာန် application, console program လေးတွေ ရေးသလို တစ်ဦးတစ်ယောက်တည်းလုပ်လို့ရတဲ့ အလုပ်လည်းမဟုတ်ပါဘူး (လုပ်ဖို့မလွယ်ဘူးလို့ပြောတာပါ)။ နောက်တစ်ခုက စိတ်ဓါတ်လေးတွေကတော့ ရှိကြပါတယ်... တကယ်တမ်း လုပ်ကြမယ့်ဟေ့ဆိုရင် ကြံခိုင်တဲ့ အဖွဲ့အစည်း၊ ခိုင်မှာတဲ့ နောက်ခံ Background က ငွေကြေး ထောက်ပံ့နိုင်မှုတွေ လိုလာပါတယ်။

    2005 လောက်က ကျွန်တော်တို့ ကျောင်းပြီးခါစဆိုတော့ သူငယ်ချင်း ၇ ယောက်လောက် Linux Kernel Development ကိုစိတ်၀င်စားရင်းနဲ့ OSDevs ကို အိပ်မက် မက်ခဲ့ပါသေးတယ်။ တကယ်တမ်းလုပ်ကြည့်မယ်ဆိုတော့ အစ ပထမမှာ အားမာန်အပြည့်နဲ့ပေါ့ .. နောက်ပိုင်းကြတော့ တစ်ယောက်က ပျောက်လိုက်၊ တစ်ယောက်က မလာလိုက်နဲ့ ထိန်းချူပ်လို့မရပါဘူး။ ဘယ်ထိန်းချူပ်လို့ရမလဲ.. သူတို့ကို ကျွန်တော်က ကွှျေးမွေးနိုင်ခဲ့တာမှမဟုတ်တာ။ သူတိုလည်း သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးတွေနဲ့ လုံးပမ်းနေရတဲ့အတွက် ဒီလို စိတ်ကူးတွေက ကောက်ရိုးမီးလိုပဲ ပျောက်ကွယ်သွားတာပါပဲ။ (ဒါက သူငယ်ချင်းတွေ အဖွဲ့လိုက်လုပ်ဆောင်မှုကိုပြောတာပါ)

    အကယ်၍များ ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုခုက ဦးဆောင်ပြီး လုပ်မယ်ဆိုရင်ကော... ဒါလည်းမလွယ်ပါဘူး။ ဥပမာ MZ forum က ဦးဆောင်ပြီး OSDevs အတွက် CoreTeam ကိုဖွဲ့မယ်... server တစ်ခုထောင်ပြီး အဖွဲ့လိုက်ရေးမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်... ဒါပေမဲ့လည်း သူတို့ကို support လုပ်နိုင်ဖို့ (ဒီ Project)ဆိုတာ ရေရှည်အတွက် ငွေကြေးအထောက်အပံ့တွေလိုလာမယ်... အဲ့လိုတွေ အလှူကောက်ခံမှုတွေပါလာရင် ပြဿနာတွေ ရှုပ်လာတတ်ပါတယ်။ ထင်းရှုးပင်လို အရင်းတောင့်ပြီး အဖျားရှူးသွားတတ်ပါတယ်။

    အကောင်းဆုံးကတော့ မိမိရဲ့ ငွေကြေးနဲ့ ထူးခွှျန်တဲ့ programmer တွေကို ထိုက်တန်တဲ့လစာပေးပြီးတော့ ထိုင်ရေးခိုင်းမယ်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ပိုပြီးမြန်ဆန်မယ်... ပိုပြီးထိရောက်တယ်ပေါ့။ ဒါပေမဲ့ ဘယ် စီးပွားရေးလုပ်ငန်းရှင်မှ သူတို့အတွက် အကြိုးအမြတ်မရှိပဲ မရင်းချင်ကြပါဘူး။ (OS ပြီးရင် ရောင်းစားလို့လွယ်တာမှမဟုတ်တာ- ကိုယ်ရေးထားတဲ့ Myanmar Operating System ကိုငွေကြေးနဲ့သာရောင်းရင် ဘယ်သူမှမ၀ယ်ဘူးသာမှတ် "That's myanmar" )

    ဒါကြောင့် IT လောကမှ သင်းကွဲ ခြင်္သေ့များ ကို CoreTeam ဖွဲ့ပြီး project တစ်ခုကို တိတိကျကျလုပ်မယ်ဆိုရင်တော့ ပိုပြီးဖြစ်နိုင်တယ်။ ခါးလယ်လောက်ပြတ်စရာလည်းမလိုတော့ဘူး (ခါးလည်လောက်ပြတ်မယ်ကျန်ရင် OSDev ကိုလူပုံအလယ် ချပြပြီး အလှုုငွေကောက်ခံလို့ရတယ်).. မျောက်ပြပြီး ဆန်တောင်းတာတော့မဟုတ်ပါဘူး။

    မှတ်ထားရမှာတစ်ခုက မိမိတို့လုပ်မယ်ဆိုရင် လျို့၀ှက်စွာလုပ်ပါ။ Project ကြီးပြီးစီးမှု တစ်ပိုင်းလောက် မပြီးမချင်း မြန်မာတွေ မသိပါစေနဲ့။ မိမိတို့လုပ်ဆောင်ပြီးမှ မြန်မာတွေကို ဖော်ပြတာပိုတောင်ကောင်းသေးတယ်.. အဲ့လိုမှမဟုတ်ရင် ဘေးထိုင်ဘုပြောတွေ နဲ့ ခေါင်းစားတယ်...

    OSDevs ချင်တယ်ဟေ့ဆိုရင် ကျွန်တော်တို့ကိုအကြောင်းကြားပေးပါ တတ်နိုင်တဲ့ ဘက်ကနေ ကူညီပေးလို့ရတာပေါ့။ (ဘေးနားက ထိုင်ပြီး programmer တွေ ရေးတာကို ထိုင်ပြီးပညာယူရတာပေါ့ :D )

    OSDev အတွက် လေ့လာချင်တယ်ဆိုရင်
    http://www.planetcreator.net/downloads/2010/06/20/linux-kernel-development-second-edition/
    
    မှာ Linux Kernal Development Second Edition စာအုပ်ကိုတင်ထားပါတယ်။
  • edited June 2010 Moderators
    မှတ်ထားရမှာတစ်ခုက မိမိတို့လုပ်မယ်ဆိုရင် လျို့၀ှက်စွာလုပ်ပါ။ project ကြီးပြီးစီးမှု တစ်ပိုင်းလောက် မပြီးမချင်း မြန်မာတွေ မသိပါစေနဲ့။ မိမိတို့လုပ်ဆောင်ပြီးမှ မြန်မာတွေကို ဖော်ပြတာပိုတောင်ကောင်းသေးတယ်.. အဲ့လိုမှမဟုတ်ရင် ဘေးထိုင်ဘုပြောတွေ နဲ့ ခေါင်းစားတယ်...

    ဒါကြောင့်စကားတောင်ရှိသေးတယ် "မပြီးခင်ဗမာမမြင်နဲ ့ " ဆိုတာ :p
    ကောင်းပါတယ်ဗျာ အားပေးပါတယ်
    ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး

Sign In or Register to comment.